Thursday, January 9, 2020


ကမ္ဘာကြီး၏ ပိုင်ရှင်၊ လူသားအားလုံး၏ ပိုင်ရှင်


လူဟာ ဘုရားသခင် ဖြစ်စေချင်သောကြောင့် ဖြစ်လာတာဖြစ်တယ်။ ဒ့ကြောင့် လူကို ဘုရားသခင် တာဝန်ယူတယ်။ ကမ္ဘာကြီးထဲမှာ လိုအပ်တာမရှိအောင် စုံလင်တယ်။ ပြည့်စုံတယ်။ နေ့ည အမြဲ ဖြစ်တည်တယ်။ ဘုရားသခင်ကြောင့် ကမ္ဘာကြီးကို စဖန်ဆင်း ချိန်ကစပြီး ယနေ့ထိ ဘုရားသခင်က ကမ္ဘာကြီးကို ပုံမှန် လည်ပတ်နေစေတယ်။ ဘုရားသခင်က ကောင်းကင်နှင့်မြေကြီး မရှိမီ ရှိပြီးလို့ ကောင်းကင်မြေကြီးကို ဖန်ဆင်းခဲ့တယ်။ ဘုရားသခင်က ဘယ်အချိန်မှာ စပြီး ရှိနေတာလဲ? ဘယ်လို ဖြစ်လာတာလဲ? ဆိုတာကို မေးတတ်ကြတယ်။ မေးသင့်တဲ့မေးခွန်းဖြစ်တယ်။

အဖြေက ဘယ်သူမှမသိနိုင်ဘူး။ ဘာကြောင့်လဲ? တစ်ခုခုကြောင့် ဖြစ်လာတယ်ဆိုရင် သူ့ကို ဖြစ်စေတဲ့အရာဟာ သူ့ထက် ကြီးမြတ်မှာ ဖြစ်တယ်။ တန်ခိုးကြီး‌ေသော ဘုရားအများကြီးကိုလည်း ထပ်ပြီးဖြစ်စေနိုင်မှာ ဖြစ်တယ်။ တစ်ခုခုကြောင့် ဖြစ်လာတဲ့ဘုရားဟာ ဖန်ဆင်းခံ ဘုရားဖြစ်တယ်။ ဖန်ဆင်းရှင် ဘုရား မဖြစ်နိုင်ဘူး/ဖန်ဆင်းနိုင်မှာလဲမဟုတ်ဘူး။ ကျမ်းစာမှာ ဘုရားက သူ့ကိုသူ ယခုလို ဖေါ်ပြထားတယ်။ ငါဖြစ်သည့်အတိုင်းဖြစ်၏။ ငါရှေ့မှာ ဘယ်ဘုရားမှမရှိ၊ င့နောက်မှာလဲ ဘယ်ဘုရားမှ မရှိ။ ဖြစ်ပြီးရင်ပျက်မယ်၊ ဘုရားသခင်ဟာ တစ်ခုခုကြောင့် ဖြစ်ခဲ့တာ မဟုတ်သလို ပျက်ခြင်းလည်းမရှိဘူး၊ ထာဝရဘုရားဖြစ်တယ်။ ဒါ့ကြောင့် အံ့ဩစရာကောင်းတဲ့ ဘုရားလို့ ခေါ်ခြင်း ဖြစ်တယ်။ ဘုရားသခင်ရှိတာကို ဘာကြောင့် ယုံကြည်မှာလဲ?
၁။သူဖန်ဆင်းသော အရာများအားဖြင့် သူရှိတာကို သိနိုင်တယ်။ တောင်တွေမရှိရင်၊ သစ်ပင်တွေမရှိရင် ပူပြင်းလာတဲ့ ကမ္ဘာလောကကြီးက အလိုလျောက် ဖြစ်တည်လာတယ်လို့ သင်ပြောမလား? ကမ္ဘာကြီးဟာ လုံးဝန်းသောပုံသဏ္ဍာန်ရှိတယ်။ သိပ္ပံပညာမထွန်းကားမီ နှစ်ပေါင်း လေးထောင်လောက်က ဘုရားပြောထားတယ်။ အဲဒီအချိန်မှာ မဖြစ်နိုင်ဘူး။ ကောင်းကင်ပေါ်မှာ ရေရှိတယ်လို့ ကျမ်းစာမှာ ပြောပြထားတယ်။ မလက်ခံနိုင်ကြဘူး။ အခု လက်ခံရပြီ။ သူ ဖန်ဆင်းထားသောကြောင့် ဘုရားပြောပြတာဖြစ်တယ်။ အိမ်တစ်လုံးကို ကြည့်မယ်ဆိုရင်၊ အိမ်ကို ဆောက်တဲ့ လူရှိကြောင်းကို အိမ်ရှိခြင်းက သက်သေခံနေတယ်။ ကမ္ဘာကြီးရှိခြင်းက သူလုပ်ထားတယ်။ သူရှိကြောင်း သက်သေခံနေတယ်။
၂။လောကသို့ ကြွလာ။ ထိုဖန်ဆင်းရှင်ဘုရားဟာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့် နှစ်ဆယ်က လောကသို့ ကြွလာတယ်။ လူတွေနဲ့အတူ အသက်ရှင်ခဲ့တယ်။ ကြွလာမယ်ဆိုတာကို မကြွလာခင် နှစ်ပေါင်း၂၀၀၀လောက်ကတည်းက ဘုရားသခင် ကြိုပြောထားပြီးဖြစ်တယ်။ ဘယ်မှာကြွလာမလဲ? ဘယ်နေရာမှာ ကြွလာမလဲ? ကြွလာမဲ့ အချိန်မှာ ဘာတွေ ဖြစ်မလဲ? ဘာတွေလုပ်မလဲ? ကြိုပြီး ဖေါ်ပြထားတယ်။ သေပြီး ထမြောက်အသက်ရှင်သော ဘုရားဖြစ်တယ်။
၃။ ဘုရားသခင်စကားတော် ပြည့်စုံခြင်းကြောင့် ဘုရားပြောခဲ့သော စကား ယနေ့ထိ ပြည့်စုံတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင် ယနေ့ထိ အသက်ရှင်သောကြောင့် သူပြောသော စကားများကို ပြည့်စုံနေတာ ဖြစ်တယ်။ ဒါ့ကြောင့် ဘုရားသခင်ရှိတာကို သက်သေရှိခြင်းဖြစ်တယ်။ လူတွေကို အပြစ်သားလို့ ဘယ်ဥပဒေကမှ မပြောနိုင်ဘူး။ သေရင် ငရဲသွားရမယ်ဆိုတဲ့ တရားစီရင်ခြင်း အခွင့်အာဏာ၊ ဘယ်မင်းအာဏာစက်မှာမှ မရှိဘူး။ လူတွေ ငရဲကို သွားရမှာ လူလူချင်း သတ်မှတ်တဲ့အပြစ်ကြောင့်လည်း မဟုတ်ဘူး။ လူသားတိုင်းအပေါ် တရားစီရင်ခြင်း အခွင့်အာဏာရှိသော ဘုရားသခင်က သတ်မှတ်တာ ဖြစ်တယ်။ အပြစ်ကြောင့် ငရဲသို့ သွားရမှာဖြစ်တယ်။ ဘုရားဖန်ဆင်းတဲ့ လူယောကျ်ားနဲ့လူမိန်းမနှစ်ယောက်ဟာ ဘုရားသခင်က မစားနဲ့၊ စားရင် သေမယ်လို့ ပြောထားသော်လည်း စားခဲ့တယ်။ သေမယ်ဆိုတာကို မစားဘဲနဲ့သိနိုင်တယ်။ စားခဲ့တယ်။ ဘုရားစကားကို မယုံကြည်သောကြောင့် စားတာဖြစ်တယ်။ ဘုရားစကားကို နားမထောင်ခြင်းဟာ ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်တယ်။ ပညတ်တော်ကို လွန်ကျူးခြင်းဟာ အပြစ်ဖြစ်တယ် (၁ယော ၃:၄)။

လူဟာ ဘုရားစကား နားမထောင်ခြင်းကြောင့် အပြစ်လို့ ဘုရားက လူကို စတင် သတ်မှတ်ချိန်ကစပြီး လူဟာ အပြစ်သားဖြစ်လာတယ်။ အပြစ်တရား ဝင်ချိန်ကစပြီး လူတွေဟာ အမြဲတမ်း မှားယွင်းမှုနောက်ကို လိုက်ကြတော့တယ်။ မိမိကို ဖန်ဆင်းတဲ့ဘုရားကို မသိတော့လောက်အောင် စိတ်ကြိုက် အသက်ရှင်ခဲ့ကြရင်း ယနေ့ လူတွေကို ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ပြန်ရှင်းပြနေတဲ့အထိ ဖြစ်လာတယ်။ ဘုရားနဲ့ ဝေးကွာခဲ့ကြတယ်။ လူတွေဟာ အပြစ်ရှိတယ်၊ ဆိုးညစ်တယ်၊ ချစ်စရာ မကောင်းတော့ဘူး။ ဒါပေမဲ့ ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်က လူကို ဖန်ဆင်းသော ဘုရားသခင်ဖြစ်တယ်။ လူဆိုတာ ဘုရားက ‘ဖြစ်စေ’ဆိုပြီးတော့ သူ့အကြံအစည်ရှိလို့ တကယ် လက်တွေ့ဖြစ်လာတာဖြစ်တယ်။ ဒါ့ကြောင့် လူက ပိုင်ရှင်မဲ့ မဟုတ်ဘူး၊ ဘုရားက အမြဲတစေ လူကို တစ်ဖက်သတ် ကျေးဇူးပြုပြီး ချစ်တာဟာ လူက ဘုရားသခင်ကြောင့် ဖြစ်လာသောသူ ဖြစ်သောကြောင့်ဖြစ်တယ်။ ဒါ့ကြောင့် ပိုင်ရှင်ဖြစ်တဲ့ ဘုရားက တန်ဖိုးထားခြင်းဖြစ်တယ်။ အပြစ်ရှိတဲ့လူတွေကို ကယ်တင်ပေးတယ်၊ ငရဲကို သွားရမယ့် အပြစ်မှ ကယ်တင်ခဲ့တယ်။ ဘာ့ကြောင့်လဲ? လူကိုချစ်လို့ ဖြစ်တယ်။ (ယော ၃:၁၆) ဘုရားသခင် ဖန်ဆင်းထားလို့ လူတွေဟာ ကြီးမားသော ဘုရားရဲ့ လူဖြစ်တယ်။ ဒါ့ကြောင့် ဘုရားက လူကို တစ်ဖက်သတ် ချစ်နေတာ။ ဘယ်လောက်မှားမှား မပျက်စီးစေချင်ဘူး။ မှားတာကို လုပ်ခွင့်ပြုတာ မဟုတ်ဘူး (မပျက်စီးစေချင်တာကို ပြောတာဖြစ်တယ်)။‌ ငါဟာ အပြစ်စီရင်ဖို့လာတာ မဟုတ်ဘူး အပြစ်ကနေ ကယ်ဖို့လာတာလို့ ‌ပြောထားပါတယ်။

လောကသို့ ကြွလာခဲ့တယ်။
မိမိကို ဖန်ဆင်းတဲ့ ဘုရား၊ နေ့ရက်တိုင်း နေပူစေပြီး မိုးကိုရွာစေတယ်၊ ဒါကို မသိဘဲ ဘုရား မဟုတ်တဲ့အရာကို ဘုရားအရာမှာ ထား၊ အပြစ်ထဲမှာ ပျော်နေကြတဲ့ လူအတွက် သူကြွလာခဲ့တာဟာ လူသားတွေကို သူ ဘယ်လောက်ချစ်လဲဆိုတာ ဖော်ပြတယ်။ လက်ဝါးကားတိုင်းမှာ လူရဲ့အပြစ်တွေအတွက် အသွေးသွန်း အသေခံပြီး အပြစ်အတွက် ကိုယ်စားခံခဲ့တယ်။ ယေရှုခရစ်တော်ရဲ့ အသေခံခြင်းဟာ လူသားအားလုံးရဲ့ အပြစ်ကို ကိုးစား ခံခဲ့တာဖြစ်တယ်။ လူတွေဟာ မဖြောင့်မတ်ဘူး၊ ဆိုးညစ်တယ်၊လူဆိုရာတွင် ဘုရားသခင်က ဖြစ်စေလိုသောကြောင့် ဖြစ်လာတာဖြစ်တဲ့အတွက် ဘုရားနဲ့ကြီးမားစွာ ဆက်နွယ်ခြင်း ရှိသော သူ၊ တစ်နည်းအားဖြင့် လူသားအားလုံးရဲ့ပိုင်ရှင် ဖြစ်သောကြောင့် ဘုရားက တာဝန်ယူတယ်။ ချစ်တယ်။ လူဟာ ဘုရားဘက်မှ ပြုသော ကျေးဇူးကို ခံစားရတာဖြစ်တယ်။ ယေရူဘုရားဟာ လူသားတွေရဲ့အပြစ်ကြောင့် ကိုယ်စား အသေခံခြင်း၊ အသွေးသွန်းခြင်း ဖြစ်ပြီး လက်ခံသောသူက အပြစ်လွတ်ခြင်းကို ခံရမှာ ဖြစ်တယ်။ လက်မခံသောသူက ဘုရားက တာဝန်ယူလုပ်ပေးတာကို လက်မခံသောကြောင့် အပြစ်သားအဖြစ် သေပြီး အပြစ်ခံရမှာ ဖြစ်တယ်။ အပြစ်လွတ်ခြင်းကို မရသောသူက ဘုရား မတတ်နိုင်ခြင်း၊ မချစ်ခြင်းကြောင့် မဟုတ်ဘူး။ ကြီးမားသော ဘုရားနဲ့ သက်ဆိုင်သော သူဖြစ်သော်လည်း မိမိကို ဖန်ဆင်းသော ဘုရားကို မယုံခြင်း၊ လက်မခံခြင်း‌ကြောင့်ဖြစ်တယ်။ လူကို ဒုက္ခရောက်ရန် ဘုရားဖန်ဆင်းထားတာ မဟုတ်ဘူး၊ ငရဲသွားဖို့ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ တာဝန်မယူနိုင်လို့ လူတွေပျက်စီးနေတာမဟုတ်ဘူး။ မိမိကို ဖန်ဆင်းတဲ့ဘုရားကို လက်မခံခြင်း၊ ဘုရားသခင် လုပ်ပေးတာကို လက်မခံခြင်း၊ မိမိကိုယ်ကို ကိုးစားခြင်းကြောင့် ပျက်စီးမှာဖြစ်တယ်။ လူဟာ ကိုယ့်ကိုကိုယ် ကိုးစားတာကို ဘုရားမကြိုက်လို့မဟုတ်ဘူး။ လူရဲ့ကြိုးစားအားထုတ်မှုက လူကို အပြစ်ငရဲက မလွတ်မြောက်စေသောကြောင့် မကိုးစားခိုင်းတာဖြစ်တယ်။ ဘုရားက လုပ်ပေးတာ ဖြစ်တယ်၊ လုပ်ပေးတာကို လက်ခံခိုင်းတာဖြစ်တယ်။ ယေရှုက ငါကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ်မည်၊ ယေရှုက ‘ငါ့ကို ယုံကြည်သော သူသည် ပျက်စီးခြင်းမရောက်၊ အပြစ်စီရင်ခြင်းကိုမခံရ’ ဟု ပြောပါတယ်။

ထိုကဲ့သို ပြောတာဟာ သူ ယေရှုဘုရားတပါးပဲ ရှိလို့ ဖြစ်တယ်။ ထိုသို့ ပြောခြင်းအားဖြင့် ဘယ်လောက် ကြီးမြတ်တယ်၊ တတ်နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီဘုရားဟာ သင့်ကို ဖန်ဆင်းခဲ့တဲ့ ဘုရားဖြစ်တယ်။ သင့်ကို ပိုင်သော သင့်ရဲ့ပိုင်ရှင်ဖြစ်တယ်။ ထိုဘုရားသခင်ဟာ သင် ယုံကြည်သင့်သော ဘုရား၊ ကိုးကွယ်ခြင်းခံထိုက်သော ဘုရားဖြစ်တယ်။ ကားတိုင်းမှာ သင့်အအပြစ်အတွက် အသေခံအသွေးသွန်းပေးခြင်းဖြင့် အပြစ်ကို ကိုယ်စား ခံပေးခဲ့တာကို လက်ခံခြင်းဟာ ယေရှုကို လက်ခံခြင်းဖြစ်တယ်။ ထိုသို့ လက်ခံခြင်းဟာ သင့်ရဲ့အပြစ်ကို လွတ်စေတာဖြစ်တယ်။
စိတ်နှလုံးနဲ့ ယုံကြည်ပြီး နှုတ်ဖြင့် ဝန်ခံလိုပါက ယခုကဲ့သို့ ဆိုပါ။
ယေရှုခရစ်တော် ဘုရား ကိုယ်တော်သည် ကျွန်တော်တို့ကို ဖန်ဆင်းသော အရှင်ဖြစ်ပြီး ကျွန်တော်တို့အပြစ်ကြောင့် လောကသို့ ကြွလာကာ အသေခံအသွေးသွန်း၍ ကယ်တင်ပေးပြီး၊ သင်္ချိုခြင်းကို ခံကာ သုံးရက်မြောက်သောနေ့၌ ရှင်ပြန် ထမြောက်သည်ကို ယုံကြည်ပါ၏။ ကိုယ်တော်ကို မိမိ ကယ်တင်ပိုင်ရှင် ဘုရားသခင်အဖြစ် ခေါ်ဖိတ်လက်ခံပါ၏။ ယေရှုခရစ်တော်နာမ၌ ဆုတောင်ပါ၏
ယေရှုဘုရားသခင်ဟာ သေပြီး ထမြောက်အသက်ရှင်လျက် ရက်(၄၀)လုံးလုံး လူတွေနဲ့ အတူနေပြီး ကောင်ကင်သို့ တက်ကြွခဲ့တယ်။ ယနေ့ထိ အသက်ရှင်သော ဘုရားလည်းဖြစ်တယ်။ သင် ယုံကြည်တာကို သူ သိ၍ သင့်အပြစ်လွတ်ခြင်းကို သင် လက်ခံယုံကြည်တဲ့နေမှာပင် ဘုရားသားဖြစ်စေမှာ ဖြစ်တယ်။ သင့်ကို ဖန်ဆင်းသော ဘုရားဟာ သင့်အတွက် လုပ်ပေးခဲ့သော ဘုရား၊ သင့်ကို ပိုင်သော သင်၏ ပိုင်ရှင်ဖြစ်တယ်။

ယေရှုဘုရားကို သင် လက်ခံယုံကြည်နိုင်မည်ကြောင်း ဆုတောင်း‌ပါ၏။
Written by Pastor Solomon


No comments:

Post a Comment

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...