Monday, August 27, 2018


စုံစမ်းခြင်း၌ ရှိသော ဂတိတော်နှင့် ရည်ရွယ်ချက်


၁ ကော ၁၀ : ၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်

ယုံကြည်သူများသည် ပြဿနာအခက်အခဲများ တွေ့ရပါက စုံစမ်းခြင်းခံရသည်ဟူ၍ အမြဲပြောလေ့ရှိကြသည်။ မိမိတို့ လုပ်ဆောင်လိုသော အရာကို လုပ်ဆောင်ပြီးမှ ဆုံးမခြင်း၊ ဒဏ်ခတ်ခြင်းခံရသည့်အခါ နောင်တရမည့်အစား စုံစမ်းခြင်းဟု ခေါင်းစဉ်တပ်ကာ ဘုရားသခင်း၏ ဂုဏ်အသရေတော်ကို ရှုတ်ချနေကြသည်။ ရှင်ယာကုပ် ၁:၁၃၌ အပြစ်သွေးဆောင် ခြင်းခံရသောသူ မည်သည်ကား ဘုရားသခင်သည် ငါ့ကို သွေးဆောင်တော်မူသည်ဟု မပြောစေနှင့်ဟု ဖော်ပြထားပါသည်။ မကောင်းသော အရာကို ဘုရားသခင်သည် ကျွန်တော်တို့အသက်တာ၌ ဖြစ်စေသော ဘုရားမဟုတ်ပါ။ စုံစမ်းနှောင့်ယှက်ခြင်းဆိုသည်မှာ (၁) ဘုရားသခင်ထံမှ လာသော အရာဖြစ်သည်။ (၂) ဘုရားသခင် အခွင့်ပေးသော အရာဖြစ်သည်။

စုံစမ်းခြင်းဖြစ်စေသည့် ရည်ရွယ်ချက်က ယာကုပ် ၁:၂-၄ ၌ ဖော်ပြထားသည်-
ငါ့ ညီအစ်ကိုတို့ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို တိုးပွားစေတတ်သည်ဟု သိမှတ်လျက် အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနဲ့ တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည် ဟု မှတ်ကြလော့။ သင်တို့သည် အလျင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အဆင် ပြုပြင်ပါစေ။

သည်းခံခြင်းကို တိုးပွားစေဖို့၊ အလျင်းမချို့တဲ့ဘဲ စေ့စပ် စုံလင်ဖို့၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိသည်။ စုံစမ်းခြင်း၌ ဘုရားသခင် ပေးထားသော ဂတိတော်မှာ- (၁) မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ရောက်စိမ့်သောငှာ အခွင့်မပေးဘူး၊ (၂) စုံစမ်းခြင်းအရာနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း စီရင်ထားပြီးသားလို့ ကတိတော်ထားရှိသည်။ စုံစမ်းခြင်း၌ ပျက်စီးခြင်း၊ ထိခိုက်ခြင်း၊ ဆုံးရှုံးခြင်းများမပါရှိပါ။ စုံလင်သော အသက်တာ၊ ကောင်းသောအမှု အမျိုးမျိုးကို ပြုတတ်ဖို့ ဘုရားသခင် သွန်သင်ခြင်းသာဖြစ်သည်။

ကျွန်တော်တို့ အပြစ်ကြောင့်ဖြစ်သော အရာများက နောင်တမရလျှင် အသက်တာပါ ပျက်စီးမှာဖြစ်တယ်။ ဒုစရိုက်သည် စုံလင်သော သေခြင်းကို ဖွားတတ်၏(ရှင်ယာကုပ် ၁:၁၅)။ ဗျာဒိတ် ၂:၂၁၌ နောင်တရသင့်သော ကာလကို ငါပေးသော်လည်း သူသည် မိမိ မတရားသော မေထုန်ကို နောင်တရချင်သော စိတ်မရှိ။ ထို့ကြောင့် သူ့ကို ငါအိပ်ရာ၌ ငါချထားမည်ဟု ဖော်ပြထားသည်။ထို့ကြောင့် ကိုယ့်အပြစ်ကြောင့် ဖြစ်သောအရာနှင့် ဘုရားသခင်၏ စုံစမ်းခြင်းကို နားလည်းပါစေ။

အပြစ်ကြောင့်ဖြစ်သော အရာများထဲက လွတ်မြောက်ဖို့ နည်းလမ်းက နောင်တရခြင်းသာဖြစ်သည်။

Written by Pastor Solomon


No comments:

Post a Comment

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...