|
ဖြောင့်မတ်ခြင်းလမ်း
သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ လျှောက်၍ ဖြောင့်မတ်သောသူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစ်စိုက် လိုက်ရမည်အကြောင်းတည်း။ ဖြောင့်မတ် သောသူတို့သည် ပြည်တော်၌ နေ၍ စုံလင်သောသူတို့သည် နေရာ ကျကြလိမ့်မည်။ သုတ္တံ ၂:၂၀-၂၁
အကျွန်ုပ်တို့၏ အသက်တာ၌ လူတိုင်းသည် အခြေအနေ အမျိုးမျိုး၌ မိမိ၏ ရည်ရွယ်ချက်များကို ပြည့်စုံအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစား၍ လုပ်ဆောင်ကာ အသက်ရှင်နေကြသည်။ ထိုကဲ့သို့ အသက်ရှင်ခြင်းသည် မှားယွင်းသည်။ နှုတ်ကပတ်တော်အရ မရှိသင့်ပါ ဟူ၍ ဖော်ပြထားခြင်းမရှိပါ။ နှုတ်ကပတ်တော်၌ ဖြောင့်မတ်သော သူတို့၏ လမ်းခရီး ဆိုသည်မှာ ဘဝရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသက်ရှင်မှု၏ ဆန့်ကျင်ဘက်မဟုတ်ဘဲ ထိုအသက်ရှင်မှုတွင် နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြုမူခြင်းဖြစ်သည်။ အချို့မှာ အသင်းတော်သာသနာလုပ်ငန်း၌ ပါဝင်ခြင်းဟု မပြည့်မစုံ သိထားကြသည်။ ဖြောင့်မတ်သော လမ်းခရီးဆိုသည်မှာ အသင်းအဖွဲ့၊ နေရာ၌ ရှိသော အရာမဟုတ်ဘဲ မိမိကိုယ်တိုင် ဘုရား၏ နှုတ်ကပတ်တော်နှင့်အညီ ရှိသည့်နေရာ၌ အသက်ရှင်၊ နေထိုင်၊ ပြောဆို၊ လှုပ်ရှားသည့် အသက်တာ၏ အသက်ရှင်မှုဖြစ်သည်။ ဥပမာ- ယောသပ်သည် အဲဂုတ္တုပြည်သို့ ရောက်သွားတော် ဖြောင့်မတ်ခြင်းတရားကို မစွန့်ဘဲ ဘုရားကို ကြောက်ရွံ့ကာ အသက်ရှင်ခဲ့သည်။ အဲဂုတ္တုပြည်သည် ရုပ်တုကိုးကွယ်သော နိုင်ငံဖြစ်သော်လည်း ထို နိုင်ငံသို့ ရောက်သွားသော ယောသပ်သည် ထိုသူများနှင့်အတူ အသက်ရှင်၊ အလုပ် လုပ်ရသော်လည်း ယောသပ်သည် ဖြောင့်မတ်ခြင်းတရားနှင့်အညီ အသက်ရှင်ကာ နေထိုင်ခဲ့သည်။ ထို့ကြောင့် ယောသပ်သည် ထိုပြည်၌ပင် အံ့သြဖွယ် ကြီးမားသောသူဖြစ်ခဲ့သည်။ ယနေ့ ယုံကြည်သူများသည် မိမိ ဖြောင့်မတ်ခြင်း၌ အသက်မရှင်နိုင်တာ သူတပါးကြောင့်ဟူ၍ အကြောင်းအမျိုးမျိုးပြကာ နောင်တရခြင်းမရှိ အသက်ရှင်နေသည်မှာ ရှက်ဖွယ်ကောင်းလှသည်။ ကျွန်တော်တို့သည် မည်သည့် နေရာ၌ ရှိပါစေ ဖြောင့်မတ်ခြင်းတရားသာ နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပါက ယောသပ်ကဲ့သို့ ခံစားရမည်ဖြစ်သည်။
|