ကမ္ဘာကြီးမရှိမှီ ရှိသော ဘုရား ဤလောကသို့ ကြွလာခဲ့ပြီ
ကမ္ဘာကြီးမရှိမှီ ရှိသော ဘုရား
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်
မြေကြီးကို ဖန်ဆင်းတော်မူ၏။
ကမ္ဘာဦးကျမ်း ၁:၁
ဘုရားသခင်သည် ကောင်းကင်၊မြေကြီးကို ဖန်ဆင်းတယ်။ ကောင်းကင်နှင့်မြေကြီးရှိပြီးမှ၊ လူရှိပြီးမှ ရှိလာသော ဘုရား မဟုတ်ပါ။ ကောင်းကင်နှင့် မြေကြီးမရှိခင် ရှိသောဘုရား ဖြစ်ပြီး ကောင်းကင်၊မြေကြီးနှင့် လူသားများကို ဖန်ဆင်းသော ဘုရားဖြစ်တယ်။
လောကသို့ ကြွလာ
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့ အဘို့အလို့ငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။
ရှင်လုကာ ၂:၁၁
ယေရှုဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးမရှိခင် ရှိသော ဘုရားဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင် ကျော်က ယုဒပြည်၊ ဗက်လင်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ဖွားမြင်ခြင်းက
သင်တို့အဘို့အလို့ငှာ
လို့ ဖော်ပြထားပါတယ်။ ယေရှုဘုရား လောကသို့ ကြွဆင်းလာရခြင်းသည် ကျွန်ုပ်တို့ အတွက်ကြောင့် ဖြစ်ပါတယ်။
ကယ်တင်ဖို့ရန်
ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်းဖြစ်၏။
၁ တိမောသေ ၁:၁၅
ကျမ်းစာ၌ အပြစ်ရှိသော သူတို့ကို ကယ်တင်ဖို့ကြွလာရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သင်ဟာ အပြစ်ရှိတယ်ဆိုရင် သင့်အတွက် ယေရှုဘုရား ဤလောကသို့ ကြွဆင်းလာရခြင်း ဖြစ်ပါတယ်။
အပြစ်ရှိသောကြောင့်
အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ။
ရောမ ၃:၂၃
လူတွေ သိတဲ့အပြစ်၊ လူတွေမသိတဲ့အပြစ်ဆိုတာရှိတယ်။ ဒါပေမဲ့ ဘုရားသခင် မသိတဲ့ အပြစ်ဆိုတာ မရှိပါဘူး။ အရာအားလုံးကို သိမြင်သည်သာမက စိတ်နှလုံးထဲက အကြံအစည်ကိုလည်း သိမြင်တဲ့ ဘုရားဖြစ်တယ်။ ဒါ့ကြောင့် 'လူအပေါင်းတို့သည် ဘုရားသခင်ရှေ့မှာ ဒုစရိုက်ကို ပြု၍ အသရေပျက်ကြပြီ' လို့ ပြောတာဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် ကြွလာရခြင်း မဟုတ်ပါ။ အပြစ်ရှိသော ကျွန်ုပ်တို့ လူသားအားလုံးအတွက် ကြွလာရခြင်း ဖြစ်တယ်။
လူဟာ ဘာကြောင့် အပြစ်လုပ်ရတာလဲဆိုရင် နှုတ်ကပတ် တော်၌ ယခုလို ဖော်ပြထားပါတယ်။
လူသည် မွေးစကပင် အပြစ်ပါ
အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။
အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။
ဆာလံကျမ်း ၅၁:၅
လူဟာ အမိဝမ်းဗိုက်ထဲမှာကတည်းကပင် အပြစ်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် အပြစ်ပါသော လူသားဟာ ကောင်းတာကို လုပ်ရင်တောင် အပြစ်မပါဘဲ မလုပ်နိုင်ပါ။
အပြစ်မပါဘဲ ကောင်းသော အကျင့်ကို ကျင့်သော သူတော်ကောင်း တစ်စုံတစ်ယောက်မျှမရှိ။
ဒေသနာ ၇:၂၀
ဒါ့ကြောင့် လောကသားတိုင်း အပြစ်ရှိတယ်။ အပြစ်ရှိသော သူဆိုတာ လောကသား အားလုံး ဖြစ်ပါတယ်။
ဘာကြောင့် ကယ်တင်ရတာလဲ?။ အပြစ်ကြောင့် သွားရမည့် ထာဝရ ပျက်စီးခြင်း ငရဲမှ လွတ်မြောက်ဖို့ရန် ဖြစ်တယ်။
လူတွေဟာ အပြစ်ကြောင့် ငရဲသို့ သွားရမှာဖြစ်ပါတယ်။ ငရဲဆိုတာ ခဏနေရမည့် နေရာ မဟုတ်ပါဘူး။ ပြီးဆုံးတယ်ဆိုတာ မရှိတော့ဘူး။
ထာဝရငရဲ
သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပရောဖက် ရှိရာ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင် သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။
ဗျာဒိတ်ကျမ်း ၂၀:၁၀
မပြီးဆုံးနိုင်ဘူး။ ကမ္ဘာအဆက်ဆက်လို့ ဖော်ပြထားပါတယ်။
သားတော်ယေရှုခရစ်အားဖြင့် ကယ်တင်
ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရ အသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ရှင်ယောဟန် ၃:၁၆
ပျက်စီးခြင်းသို့ မရောက်။ ထို 'ပျက်စီးခြင်း'ဟာ လောကရဲ့ ဒုက္ခ၊ဆင်းရဲခြင်းထက် ကြောက်စရာကောင်းပြီး လွတ်လမ်း မရှိ ထာဝရ ခံရမည့်နေရာ ဖြစ်သည်။ ဆင်းရဲ၊ချမ်းသာ မရွေး ကျော်ကြားသူ၊ ရာထူးအာဏာရှိသူ လူတိုင်း သေရမည်။ သေပြီးလျှင် မပြီးသေးဘူး။ အပြစ်ကြောင့် ထာဝရငရဲ၌ ပျက်စီးခြင်းကို ခံရမည်။ ထို ပျက်စီးခြင်းမှ လွတ်မြောက်ဖို့ရန် ယေရှုကို ယုံကြည်ရမည်။ ပျက်စီးခြင်းသို့ မရောက်ရန် ယေရှုက ကတိပေးထားသော ဘုရားဖြစ်တယ်။
မရေမရာ၊ မသေမချာ မပြောထားဘူး။ တိကျသေချာစွာ၊ ရှင်းလင်းစွာ ပြောထားပါတယ်။ ပျက်စီးခြင်းသို့ မရောက်ရ။ တနည်းအားဖြင့် (ထာဝရ မီးအိုင်သို့ မရောက်ရ)ဟုဖော်ပြ ထားပါတယ်။
လူကိုချစ်သောဘုရား
လောကမှာ ဘုရားအများကြီး ရှိတယ်လို့ ပြောကြပါတယ်။ သို့သော် ကျွန်တော်တို့ကို 'ချစ်တယ်လို့' ပြောတဲ့ဘုရားက ယေရှုခရစ်တော်ဘုရား တစ်ပါးတည်းသာရှိတယ်။
၁တိမောသေ ၁:၁၅၌ အပြစ်ရှိသော သူကို 'ကယ်တင်ခြင်းငှာ ကြွလာသည်' ဆိုသည့်အတိုင်း လူတွေရဲ့ အပြစ်တွေအတွက် ကိုယ်စား အသေခံ၊ အသွေးသွန်း၊ အသက်ပေးခဲ့တယ် (ဒါဟာ ဒဏ္ဍာရီမဟုတ်ပါ)။
ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်
အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။
ရောမ ၅:၈
အသေခံအသွေးသွန်း၍ ကယ်တင်
ယေရှုဘုရားဟာ သူများ သတ်လို့ သေတာမဟုတ်၊ ကျွန်ုပ်တို့ အပြစ်အတွက် အသေခံဖို့ ကြွလာခြင်းဖြစ်တယ်။ ထိုသို့သော သေခြင်းဟာ အပြစ်ရှိသော လူသားတွေ ငရဲမှ လွတ်ဖို့ရန် ဖြစ်တယ်။
အသွေးသွန်းမှ အပြစ်လွတ်မည်။ အသွေးမသွန်းဘဲ အပြစ် လွတ်ခြင်း မရှိဟု ဘုရားကိုယ်တိုင်က အပြစ်ရှိသော လူတွေ အပေါ်မှာ မိန့်မှာထားခဲ့တယ်။ ဒါ့ကြောင့် ဘုရားကိုယ်တိုင် လူကို အပြစ်ကြောင့် ကျမည့် ထာဝရငရဲမှ လွတ်မြောက်စေဖို့ရန်၊ ဖြောင့်မတ်သော သူ့စကားအတိုင်း၊ မုသာမပါသော သူ့စကားအတိုင်း သန့်ရှင်းသောသူ့ရဲ့အသွေးကို သွန်းပေးခြင်းအားဖြင့် လူသားတွေကို အပြစ်ငရဲမှ လွတ်ဖို့ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်။
ရှင်ပြန်ထမြောက်၍ ယနေ့ထိ ရှိသော ဘုရား
ယေရှုဘုရားသည် အသေခံပြီး ပျောက်မသွားဘဲ ယနေ့ထိ ရှိပါတယ်။ အသေခံပြီး (၃)ရက် မြောက်သည့်နေ့မှာ ရှင်ပြန်ထမြောက်ကာ ရက်(၄၀) လူတွေနဲ့အတူ နေပြီး ကောင်းကင်သို့ အသက်ရှင်လျက် တက်ကြွသွားခဲ့ပါတယ်။ ယနေ့ထိ ရှိသော ဘုရားဖြစ်တယ်။ အရာခပ်သိမ်းကို တတ်နိုင်တော်မူသော ဘုရားဖြစ်တယ်။
ယုံကြည်ရမည်
လူသားတိုင်း ငရဲ သွားရမည့် အပြစ်အတွက် ယေရှု ဘုရားသခင်ဟာ ဤလောကသို့ ကြွဆင်းလာပြီး အသေခံ၊ အသွေးသွန်းပြီးသွားပြီ။ ယေရှုဘုရား၏ အသေခံခြင်းဟာ ကျွန်တော်၊ ကျွန်မအတွက် ဖြစ်တယ်လို့ ယုံကြည်သောသူသည် ထာဝရငရဲသို့ သွားရမည့်အပြစ်မှ လွတ်မြောက်သွားမည်။
မယုံကြည်သောသူက ကိုယ့်အပြစ်အတွက် အသွေးသွန်း အသေခံပြီး အပြစ်လွတ်စေသော ယေရှုကို မယုံကြည်သောကြောင့် အပြစ်မလွတ်ဘဲ ထာဝရငရဲသို့ သွားရမှာဖြစ်တယ်။
ယေရှုဘုရားသည် ယနေ့ထိ အသက်ရှင်သော ဘုရားဖြစ်တယ်။ သူ့ကို ဘယ်သူ ယုံ၊မယုံကို သိသော ဘုရားလည်း ဖြစ်တယ်။ ယေရှုကို ယုံတာနဲ့ ငရဲသွားစရာ မလိုတော့ဘူး။
''လွယ်လိုက်တာ။'' ဟုတ်ပါတယ်။ မိတ်ဆွေ လွယ်ပါတယ်။ မလွယ်တဲ့အလုပ်ကို ယေရှုက လုပ်ပေးထားလို့ လူက ယုံကြည်တာနဲ့ ရတာပါ။
ယခုဘဝ၌သာ ရွေးချယ်ခွင့်ရှိ
ယေရှုဘုရားသည် ယခု သင် ဒီစာကို ဖတ်နေချိန်မှာ သင် ယုံတာလဲ မြင်နိုင်သလို၊ မယုံတာကိုလဲ မြင်နိုင်ပါတယ်။ လောကမှာ ယေရှုကို ယုံ၊မယုံ အသက်ရှင်လို့ ရသေးတယ်။ ယေရှုဘုရားသခင် ပြောတဲ့စကားတွေ မှန်၊မမှန် ဆိုတာ သင် မသေခင်မှာလည်း သိနိုင်ပါတယ်။ သေပြီးရင်တော့ ကျိန်းသေ သိရမှာ ဖြစ်တယ်။
ယေရှု ပြောတဲ့စကားက အမှန်ဆိုတာ သင် သေမှ သိရင် ယေရှုကို သင် မယုံကြည်သောကြောင့် ငရဲမှာ ထာဝရ၊ နောင်တရလို့ မရတော့ဘူး။ မိတ်ဆွေ လူတွေရဲ့စကားဟာ လိမ်လည်မှု၊ ကတိမတည်မှုတွေ ရှိနေပါတယ်။ ဒါကိုတောင် သင် ယုံရင် မုသာမရှိ ဖြောင့်မတ်သော ဘုရားစကားကို သာ၍ ယုံစရာဖြစ်တယ်။
ယေရှုသည် ကမ္ဘာမရှိမီ ရှိသော ဘုရား၊ အရာအားလုံးကို ဖန်ဆင်းသော ဘုရား၊ လူကိုလည်း ဖန်ဆင်းသော ဘုရားဖြစ်တယ်။ ဒါကြောင့် လူကို ချစ်တယ်။ သူ ချစ်တဲ့ လူတွေ အပြစ်ကြောင့် ငရဲသို့ မသွားရဘဲ အပြစ်ငရဲမှ လွတ်မြောက်ဖို့ရန် ဤလောကသို့ ကြွလာသော ဘုရား၊ လူ့အပြစ်အတွက် အသေခံအသွေးသွန်းပြီး (၃)ရက် မြောက်သော နေ့တွင် ထမြောက်ခဲ့သော ဘုရားဖြစ်တယ်။ သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ပြီး ယနေ့ထိ အသက်ရှင်လျက်ရှိသော ဘုရား၊ ထာဝရ အသက်ရှင်သော ဘုရားဖြစ်တယ်။ သူ့ကို ယုံကြည်သောသူသည် ထာဝရငရဲမှ လွတ်မြောက်ပြီး ယေရှုဘုရားသခင်နှင့် ထာဝရအတူ အသက်ရှင်ရမှာဖြစ်တယ်။
သင်ဟာ လောကမှာ ဘယ်အခြေအနေမှာပဲ ရှိရှိ ထာဝရငရဲမှ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ မကြိုးစားနိုင်ဘူး။ ဒါကြောင့် သင့်ကို ဖန်ဆင်းထားသော ယေရှုကို ချစ်၍ သင့်အပြစ်အတွက် အသေခံ အသွေးသွန်းတာကို ယုံကြည်လက်ခံခြင်းအားဖြင့် ထာဝရငရဲမှ လွတ်မြောက်ရမည်။
ငရဲမှ လွတ်မြောက်လိုပါက
ယေရှုဘုရား အကျွန်ုပ်၏ အပြစ်အတွက် အသေခံ၊ အသွေး သွန်းပေးသည်ကို ယုံကြည်ပါ၏။ ယေရှုဘုရား အကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ခေါ်ဖိတ်လက်ခံပါ၏။ အာမင်။
သင်၏ ကယ်တင်ရှင် ယေရှုဘုရားကို ယုံကြည်လက်ခံနိုင်မည့်အကြောင်း ကျွန်တာ် ဆုတောင်းပေးပါသည်။
No comments:
Post a Comment