Sunday, August 19, 2018


ဘယ်သူ့အတွက်လဲ


ဝတ်ပြုရာ ၂၁:၆
သင်သည် မိမိ၏ ဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိ ဘုရားသခင်၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ၊ မိမိ ဘုရားသခင်၏ အစာအဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။

သန့်ရှင်းသော ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သော ယုံကြည်သူအသက်တာ၌ သန့်ရှင်းခြင်း ရှိဖို့ အရေးကြီးပါသည်။ ဆာလံကျမ်း ၁၉:၉ ၌ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလ အစဉ်အမြဲတည်၏ ဟု ဖော်ပြထားသည်။ ထိုကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ဖို့ရန် အရေးကြီးလှပါသည်။ မကြောက်ရွံ့သော အသက်တာ၌ ဘုရားမကြိုက်တာ၊ မခိုင်းတာများကို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒုစရိုက် လုပ်သော အသက်တာ၌ ဘုရားဘုန်း ထင်ရှားခြင်း လုံးဝမရှိပါ။ ဘုရားသခင်အတွက် အသက်ရှင်ခြင်းများ လုံး၀မဖြစ်နိုင်ပါ။ ဒါကြောင့် ကျွန်တော်တို့အသက်တာ၌ ဘုရားသခင် အလုပ်လုပ်ဖို့ရန် ဘုရား စကားနားထောင်ပြီး ဒုစရိုက်ကို ကြောက်၍ ရှောင်ရှားခြင်း ရှိရပါမည်။

ရောမ ၁၂:၁ ၌ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ တည်းဟူသော အသက်ရှင်ခြင်း ယဇ်ကို ပူဇော်ဖို့ ပြောထားပါသည်။ ဘုရားသခင်သည် ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သော ဘုရား၊ ကြောက်ရွံ့ခြင်းကို သန့်ရှင်းခြင်းလို့ မှတ်သော ဘုရားဖြစ်ပါသည်။ ယုံကြည်သူများ၏ အသက်တာ၌ တစ်ခါတစ်ရံမှာ ဘုရားသခင်ကို ကြောက်ရွံ့နေတာ၊ ယုံကြည်ခြင်းရှိနေတာ ဘုရား ဘုန်းတော်ထင်ရှားဖို့ရန် ဖြစ်ရမည့်အစား မိမိ၏ ဘုန်းထင်ရှားဖို့၊ ကျော်ကြားဖို့အတွက် ဖြစ်သည်ကို တွေ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။

တစ်ချို့မှာ မိမိ အသက်တာ၌ ဘုရားနဲ့သွားလာခြင်းကြောင့် ကောင်းကြီးများ မစခြင်းများ ကြုံတွေ့ခံစားလာရသောအခါ အားရဂုဏ်ယူ၍ ဘုရားသခင်နဲ့ မသွားလာသူများကို တွေ့သောအခါ အားပေးနှစ်သိမ့်ကူမရမည့်အစား ကဲ့ရဲ့အပြစ်တင်ကာ ဝေဖန်ကြသည်။ စိတ်မကောင်းစရာ ဖြစ်သော လွှဲချော်မှုဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်ရှင်မှုသည် ဘုရားသခင် ဘုန်းတော်အတွက် လုံးဝဖြစ်ရမည်။ ကျွန်တော်တို့ ကြုံတွေ့ခံစားရသော အရာများသည် ဘုရားသခင် ဘုန်းတော်အတွက် လုံးဝဖြစ်ရမည်။ ကျွန်တော်တို့၏ သန့်ရှင်းခြင်းသည် ဘုရားသခင်အတွက် ဖြစ်ရမည်။

Written by Pastor Solomon


1 comment:

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...