Thursday, August 16, 2018


နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏


၁ ဓမ္မရာဇဝင် ၁၅:၂၂
ရှမွေလကလည်း ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာ ယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

ယုံကြည်သူများ အသက်တာ အချိန်တိုင်း၌ အလိုတော်ဟု အမြဲပြောလေ့ရှိသည်။ အလိုတော် (၂)မျိုးရှိသည်။ ဘုရားသခင်၏အလိုတော်နှင့် မိမိ၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို သမ္မာတရားအားဖြင့် သိရသည်။ သမ္မာတရားကို နားထောင်ခြင်း၊ ဝန်ခံခြင်းသည် ဘုရားသခင်၏ အလိုတော်၌ အသက်ရှင်ခြင်းဖြစ်သည်။ ထိုသူ၏ အသက်တာ၌ အံ့သြဖွယ်များ၊ ဘုရားသခင်၏ သဘောများကို မြင်တွေ့ရလေ့ရှိသည်။

မိမိ၏ အသိတရား၊ အမြင်၊ အတွေးအခေါ်အားဖြင့် လုပ်ဆောင်မှု၊ တစ်နည်းအားဖြင့် ဇာတိသဘော လုပ်ဆောင်မှုသည် မိမိ၏ စိတ်အလိုဖြစ်သည်။ ယုံကြည်သူများသည် လုပ်ချင်တာတွေလုပ်ပြီး မဖြစ်သင့်တာတွေ ဖြစ်လာသောအခါ ဘုရားသခင်၏ အလိုတော်ဟု ခေါင်းစဉ်တပ်ချင်ကြသည်။ ဘုရားသခင်ကို မတရားသော သူကဲ့သို့ စွပ်စွဲ၍ မိမိ အမှားကို ဘုရားသခင်ပေါ် ပုံချကာ ကြီးမားသော ဘုရားသခင်၏ ဘုန်းတော်ကို ရှုတ်ချနေကြသည်။ ဘုရားသခင်၏ စကားကို ဆန်းစစ်ပါ။ သင် နားထောင်နေတာ နှုတ်ကပတ်တော်ပါသော စကားလား? နှုတ်ကပတ်တော်လား? ဆိုတာ သိဖို့လိုတယ်။ စာတန်က ယေရှုထံသို့ နှုတ်ကပတ်တော်ပါသော စကားနှင့် လာတယ်။ ကျမ်းစာလာသည်ကား ကောင်းကင်တမန်တို့သည် သင့်ကို လက်နှင့် ချီပင့်ကြလိမ့်မည် ဟု နှုတ်ကပတ်တော်ပါသော စကားနှင့် လှည့်စားခဲ့သည်။ စာတန်မာနတ်သည် ယခုခေတ်၌လည်း နှုတ်ကပတ်တော်၌ပါသော စကားများကို တလွဲအသုံးချကာ များစွာသော ယုံကြည်သူတို့ကို အကြံစည်တော်ထဲမှာ လွဲဖို့ရန် ကြိုးစားနေသည်။

ဘုရားသခင်၏ စကားကို စိတ်နှလုံးအကြွင်းမဲ့ နာခံခြင်းသည် အပြင်သဏ္ဍာန်အားဖြင့် ကိုးကွယ်မှုပြုခြင်း၊ အစေခံခြင်း၊ (သို့မဟုတ်) ယဇ်ပူဇော်ခြင်းအမှုတို့ထက်သာ၍ ကောင်းပါသည်။ ရှောလု၏ အပြစ်မှာ နှုတ်ကပတ်တော်၏ ဖော်ပြမှုကို ခံယူခြင်းထက် သူ၏ အယူအဆကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြစ်မှားမှုနှင့် လွဲမှားမှုများကို သခင်ယေရှု ကြွလာချိန် နီးကပ်လာလျှင် ဖြစ်ပေါ်လာမည်ကို ကြိုတင်၍ ပုရောဖက်ပြုခဲ့ပါသည်။ ဘုရားသခင်၏ စကားကို တိကျပြတ်သား ဖြောင့်မတ်စွာ နားထောင်ခြင်းမရှိသော ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ချီးမွမ်းခြင်း၊ ဝိညာဉ်ဆု ကျေးဇူးများ ရရှိခြင်းနှင့် အစေခံခြင်းတို့သည် ဘုရားသခင်၏ ရှေ့တော်တွင် အချည်းနှီးသာဖြစ်သည်။

ဘုရားသခင်၏ စကားကို နာခံရန် ငြင်းဆန်ခြင်းသည်လည်း နတ်ဆိုးနှင့် ပေါင်းဖော်ခြင်းကဲ့သို့ အပြစ်ရှိသည်။ အကြောင်းမှာ ဘုရားသခင်၏ အုပ်စိုးမှုကို ငြင်းပယ်၍ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းထက် မိမိ၏ စိတ်ကူးအားဖြင့် အသက်ရှင်ရန် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်။ ထိုထက်ပို၍ ဖော်ပြရလျှင် ထိုအပြစ်ကို ကျူးလွန်သောသူသည် ဘုရားသခင်၏ ကွယ်ကာခြင်းအောက်မှ ထွက်ခွာပြီး စာတန်နှင့် နတ်ဆိုးတို့၏ ဖျက်ဆီးနိုင်သော တန်ခိုးအောက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

Written by Pastor Solomon


No comments:

Post a Comment

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...