ကျွန်ုပ်တို့ကို ပြောင်းလဲရန် ကြိုးစားနေသော တဆေး
ဓမ္မဟောင်းကျမ်းထဲတွင် တဆေးကို မသန့်ရှင်းသောအရာ (သို့မဟုတ်) ဆိုးညစ် မိုက်မဲသောအရာ ဟူ၍ ဖော်ပြထားသည်၊ တဆေးအားဖြင့် အချဉ်ပေါက်ခြင်း၊ ပျက်စီးခြင်း (သို့မဟုတ်)ဖောက်ပြန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဓမ္မသစ်ကျမ်းထဲတွင် တဆေးကို ဖာရိရှဲနှင့် ဇဒ္ဒုကဲ၊ ဟေရုဒ်တို့၏ မှားယွင်းသော သွန်သင်မှုနှင့် ဆိုးညစ်သော သြဝါဒများကို ဖော်ပြခြင်းဖြစ်သည်။ တဆေးကို ဆိုးညစ် မိုက်မဲခြင်းဟူ၍ ၎င်း၊ တဆေးမဲ့သောအခါတွင် ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းဟူ၍ ရှင်ပေါလုက ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် တဆေး ဥပမာစကားသည် ဆိုးညစ်မိုက်မဲမှု၊ မှားယွင်းသော သြဝါဒနှင့် မမှန်ကန်မှုများ သိ၍ ရှောင်ဖို့ရန်၊ ဖယ်ရှားဖို့ရန် ဖော်ပြနေခြင်းဖြစ်သည်။
ဆိုးညစ်မိုက်မဲခြင်း တဆေးသည် ဘုရားသခင်၏ လုပ်ငန်းထဲ၌ နေရာအနှံ့အပြားတွင် ပျံ့နှံ့လာမည်ဖြစ်ပါသည်။ ပျက်စီးခြင်း (သို့မဟုတ်) ဖောက်ပြန်စေသည့် တဆေးသည် ယခုကဲ့သို့ ဝင်ရောက်လာသည်။ ခေတ်ပေါ်အယူအဆများ၊ ယခုခေတ် ပျော့ပြောင်းသည့် အယူအဆ၊ အမြင်အတွေးဝါဒနှင့် လွတ်လပ်စွာ တွေးခေါ်ယူဆသည်။ ဓမ္မပညာရပ်ဖြစ်သော နှုတ်ကပတ်တော်၏ အခွင့်တန်ခိုးပေါ်တွင် လူတို့၏ အတွေးအခေါ်များကို ဖုံးလွှမ်းစေခြင်း၊ အသင်းတော်ထဲတွင် အကျင့်စာရိတ္တ ဖောက်ပြန်မှုများနှင့် လောကအရာများကို နှစ်သက်မြတ်နိုးခြင်း၊ အသင်းတော်ထဲတွင် ဘုရားသခင်၏ ခန့်အပ်မှုထက် မိမိတို့၏ ဆန္ဒဖြင့် ရာထူး (သို့မဟုတ်) အာဏာကို ရှာဖွေခြင်း၊ မှားယွင်းသော သြဝါဒများ၊ မိစ္ဆာပရောဖက်များ၊ ဒုတိယမွေးခြင်း မခံရသော ဖြောင့်မတ်ဟန်ဆောင်နေသည့် ဘာသာရေးခရစ်ယာန် ခေါင်းဆောင်များ ပေါ်လာပြီး ယခု လက်ရှိအချိန်ကာလမှစ၍ နောက်ဆုံးသောအချိန်ကာလ ရောက်သည့် တိုင်အောင် အထက်တွင် ဖော်ပြခဲ့သည့် ဆိုးညစ်မှုများသည် ခရစ်ယာန် အသင်းတော်များ၊ ဂိုဏ်းဂဏအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျမ်းစာကျောင်းများထဲတွင် ပေါ်လာမည်။ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် ဖြောင့်မတ်စွာ အသက်ရှင်ခြင်းတို့ကို ပိုမို ပြင်းထန်သော ရောနှောခြင်းနှင့် ရှုပ်ထွေးခြင်းတို့အားဖြင့် နှောင့်ယှက်ဖျက်ဆီးလိမ့်မည်။
ယုံကြည်သူများအနေဖြင့် မိမိတို့၏ အသက်တာထဲတွင် ဆိုးညစ်ခြင်း၊ မိုက်မဲခြင်း ဖြစ်သည်။ တဆေးကဲ့သို့သော လွဲမှားသော သြဝါဒ၊ မှားယွင်းသော ယုံကြည်ကိုးကွယ်ခြင်း သက်ရောက်မှုများ မရှိရန် သမ္မာသတိပြုရမည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အာရုံများကို သခင်ယေရှုနှင့် သူ ပြောထားသော စကားများအပေါ်တွင်သာ ရပ်တည်ရမည်။ လောက၏ တိုးတက်ပြောင်းလဲလာသော အတွေးအခေါ်နှင့် လောက၏ အရာများ တန်ဖိုးမထား(အဓိကမထားဘဲ) နှုတ်ကပတ်တော် အပေါ်မှာ တန်ဖိုးထား ရပ်တည်ရမည်။ စစ်မှန်သော ဧဝံဂေလိတရားဖြစ်သည့်(၁ကော ၁၅:၁-၃)တွင် ဖော်ပြထားသည့် ခရစ်တော်၏ ကြွလာခြင်း၊ ကျွန်ုပ်တို့၏ အပြစ်အတွက် အသေခံခြင်း၊ အသွေးသွန်း သဂြိုလ်ခံခြင်း၊ ရှင်ပြန် ထက်မြောက်ခြင်း
ဆိုသည့် ဧဝံဂေလိတရား အမြဲ ဟောပြော၍ အသက်ရှင်ရမည်။
လုကာ ၁၈:၈တွင် သခင်ယေရှုက သူ ပြန်လည်ကြွလာချိန် နီးသောအခါတွင် မြေကြီးပေါ်တွင် မကောင်းမှု ဒုစရိုက်များ၏ ကြီးစိုးခြင်း၊ လွမ်းမိုးခြင်းတို့ကြောင့် အသင်းတော်ထဲရှိ လူများတို့သည် စစ်မှန်သော ယုံကြည်ခြင်းမှ ရွှေ့လျော့ဖောက်ပြန်ခြင်း ဖြစ်ဖွယ်ရှိပါသည်။ ထို့ကြောင့် (လုကာ ၁၈:၈)၌ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လော
ဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ယုံကြည်ခြင်းကို မြေကြီးပေါ်တွင် တွေ့မည်လော့
ဟု ကြိုပြောကြိုမေးခဲ့သည်။ ယုံကြည်သူကို တွေ့မည်လော့ဟု မမေးပါ။ ယုံကြည်ခြင်းကို တွေ့မည်လော့ဟု မေးခဲ့ပါသည်။
Written by
Pastor Solomon
No comments:
Post a Comment